ပထမလှိုင်းအလွန် – ကပ်ရောဂါဖြစ်ပွားမှု ၈ လတာ ကာလတွင်းသို့ ဝင်ရောက်လာချိန်တွင် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုကို အနည်းဆုံးဖြစ်အောင် ပြုလုပ်နည်း

၂၀၂၀ ခုနှစ် မတ်လတွင် မကြာခင်ဖြစ်ပွားတော့မည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ ဆိုးဝါးသောအကျိုးဆက်ကို လျှော့ချရာတွင် အထောက်အကူဖြစ်စေမည့် နည်းလမ်းကောင်းများအား ဖြန့်ဝေပေးခဲ့ပါသည်။

၈ လအကြာ ယခုအချိန်အခါတွင်လည်း စီးပွားရေးဆူနာမီလှိုင်းလုံးကြီး၏ လွှမ်းမိုးမှုကို တစ်ကမ္ဘာလုံး ခံနေရဆဲဖြစ်၍ နောက်ဆက်တွဲ အကြံဉာဏ်ကောင်းများကို မျှဝေပေးလိုက်ပါသည်။

ယခုအကြိမ်တွင်မူ အီကွေဒေါ၊ တောင်အာဖရိကနှင့်အန္ဒိယ အစရှိသည့် တိုင်းပြည်များ၌ ကပ်ရောဂါကြီးကို ရှောင်ရှားစဉ် ကျွန်ုပ်တို့၏ မိတ်ဖက် လွတ်လပ်သောမီဒီယာများ ရရှိခဲ့သော သင်ခန်းစာများအပေါ် အလုံးစုံ အခြေခံ၍ အကြံဉာဏ်ကောင်းများကို ရေးသားထားပါသည်။ ကပ်ရောဂါကြီး၏ ‘အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု’အဆင့်ကို ကျော်ဖြတ်ရာတွင် မီဒီယာများအတွက် အထောက်အကူပြုနိုင်သည့်အပြင် ဆက်လက်ဖြစ်ပေါ်လာမည့် အခင်းအကျင်းသစ်အတွက် ကြိုတင်ပြင်ဆင်နိုင်စေမည့် မဟာဗျူဟာများအား ၎င်းတို့အတွေ့အကြုံများမှတဆင့် ရေးသားထားပါသည်။

အသုံးစရိတ် ဖြတ်တောက်ပါ။ ငွေကို ကိုင်ထားပါ။

  • သတိဝီရိယရှိပါ – ကပ်ရောဂါ၏ ပထမလှိုင်းကို ကျော်ဖြတ်ခဲ့သည့် တိုင်းပြည်တွင် သင် ရှိနေပါက ဒုတိယလှိုင်းက မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာတော့မည် ဖြစ်သည်။ ငဲ့ညှာမှုကင်းသော ပထမလှိုင်းကို ရုန်းကန်နေရဆဲ တိုင်းပြည်တွင် သင် ရှိနေပါက ငြိမ်သက်ခြင်းက သင့်ကို စောင့်ကြိုနေပြီဟု တပ်အပ်မပြောနိုင်ပါ။ ကိစ္စရပ်တိုင်းတွင် မီဒီယာများအနေဖြင့် ကာလတို ‘အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု’အဆင့်ကို ကျော်လွန်၍ ‘အခင်းအကျင်းသစ်နှင့် လိုက်လျောညီထွေ ပြောင်းလဲ’ရသည့် ပိုမိုကြာမြင့်သော ကာလသို့ ပြောင်းလဲနေထိုင်ရန် လိုအပ်လာပြီ ဖြစ်ပါသည်။
  • အသုံးစရိတ်များ၏ အကျိုးရှိထိရောက်မှုကို ပုံမှန် ပြန်လည်သုံးသပ်ပါ။ ငွေဝင်ငွေထွက်နှင့်ပိုင်ဆိုင်မှု အရင်းအနှီးများက အရေးအကြီးဆုံးဖြစ်ပါသည်။ လုပ်ငန်းဌာနစိတ်တိုင်း၏ မူလမျှော်မှန်းချက်နှင့် လက်ရှိအခြေအနေကို နှိုင်းယှဉ်လေ့လာသုံးသပ်ပါ။ အသေးစိတ်အချက်အလက်များကို KPI များနှင့်အတူ လက်တစ်ကမ်းတွင် ရရှိခြင်းဖြင့် တုံ့ပြန်မှုများကို ပိုမိုလျင်မြန်စွာ ပြုလုပ်နိုင်မည့်အပြင် တစ်စုံတစ်ခုကို လုပ်ကိုင်ရာတွင် အဆင်မပြေပါက အပြောင်းအလဲပြုလုပ်နိုင်မည် ဖြစ်ပါသည်။ အသုံးစရိတ်ဟူသမျှကို စိစစ်ပါ – ဌာနခွဲတိုင်း၊ ရင်းနှီးမြှုပ်နှံမှုတိုင်း၊ သဘောတူစာချုပ်တိုင်း၊ ချေးငွေတိုင်းကို စိစစ်သုံးသပ်ပါ။ ဈေးကွက်များ ပြန်လည်နာလန်ထနိုင်ရန် ကြိုးပမ်းကြမည့် ၂၀၂၁ ခုနှစ် တစ်နှစ်ပတ်လုံး အသုံးစရိတ် စီမံခန့်ခွဲမှုကို တင်းကျပ်စွာဆောင်ရွက်ရန် အလွန်ပင် အရေးကြီးပါသည်။
  • ယာယီဖြတ်တောက်ထားသော အသုံးစရိတ်များကို ပြန်လည်ခွင့်ပြုလိုက်သည်နှင့် ဒုက္ခတွင်းသို့ ပြန်လည်သက်ဆင်းခြင်းမရှိစေရန် သင့်ငွေကြေးများကို ဂရုပြု စီစဉ်ပါ။ ငွေကို ကိုင်ထားနိုင်ရန်နှင့် မလိုအပ်သော အန္တရာယ်များအား ရှောင်ရှားရန် ငွေစိုက်ထည့်ရမှုများသည့် စီမံကိန်းများနှင့်ဝန်ထမ်းသစ် ခေါ်ယူမှုများကို ဆိုင်းငံ့ထားပါ။
  • ငွေကြေးသုံးစွဲမှုအသစ်များပြုလုပ်ရပါက ဦးစားပေးမှုအဆင့် လျှော့ချထားသော နယ်ပယ်များတွင် ငွေကြေးသုံးစွဲမှုကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် လျှော့ချခြင်းတို့နှင့်အတူ ယှဉ်တွဲ၍ ပြုလုပ်ရမည်။ ငွေကြေးသုံးစွဲမှုအသစ်များမှ ဝင်ငွေသစ်များရရှိမည်ဟု မျှောမှန်း၍ရလျှင်ပင် အခြားအပိုင်းမှ အသုံးစရိတ်များနှင့် ချိန်ညှိပါ – အမှားမခံသော အချိန်ဖြစ်ပါသည်။ ရောင်းရငွေများကို အချိန်မီ ရရှိနိုင်ရန်လည်း ကာလတစ်ခုအထိ ခက်ခဲနေဆဲဖြစ်နေမည် ဖြစ်ပါသည်။
  • သင့်လုပ်ငန်းထဲမှ သင် အစွမ်းကုန်ကာကွယ်ထားလိုသည့် အဓိကအပိုင်းကို ဦးစားပေးအဖြစ် သတ်မှတ်၍ အရင်းအမြစ်များကို ခွဲဝေသုံးစွဲပါ။ မရှိမဖြစ် ကျွမ်းကျင်ဝန်ထမ်းများကို သတ်မှတ်ရွေးချယ်၍ လက်လွှတ်မခံရအောင် ဆောင်ရွက်ပါ။
  • ထောက်ပံ့ငွေရရှိပါက လုပ်ငန်း၏ စိမ်ခေါ်မှုများကို တုံ့ပြန်ရန် ဗျူဟာကျစွာ အသုံးပြုပါ။ ဈေးကွက်များ ပြန်လည်နာလန်ထလာသည့်အခါ ပိုမိုအားကောင်းသော အဖွဲ့အစည်းတစ်ရပ်တည်ဆောက်နိုင်ရန် ဝင်ငွေရှာဖွေခြင်း သို့မဟုတ် အသုံးစရိတ်စီမံခန့်ခွဲခြင်းတို့ဖြင့် ရှင်းလင်းစွာ သတ်မှတ်ထားသော အစီအစဉ်များအား ဦးစားပေး ဆောင်ရွက်ပါ။
  • အစိုးရအများအပြားသည် လစာလျှော့ချမှုနှင့်အလုပ်အကိုင်ဆုံးရှုံးမှုများ၏ အကျိုးဆက်ကို သက်သာစေမည့် အစီအစဉ်များအား ချမှတ်ဆောင်ရွက်ထားကြပါသည် – သင့် သတင်းတင်ဆက်မှုအပေါ် ထိခိုက်မှုမရှိသရွေ့ ယင်းအစီအစဉ်များကို အကျိုးရှိစွာ အသုံးချပါ။
  • မြန်ဆန်စွာ တုံ့ပြန်ပါ၊ ပျော့ပြောင်းမှု ရှိပါ – ဆုံးဖြတ်လုပ်ကိုင်ခြင်းနှင့်လျင်မြန်ဖျတ်လပ်မှုတို့က အလွန်ပင် အရေးကြီးပါသည်။ လုပ်သင့်သည့်အချိန်တွင် လုပ်သင့်သည့်အရာကို ဦးစားပေးလုပ်ကိုင်နိုင်ရန် အလျင်အမြန် ဆုံးဖြတ်ရမည့်အရာ နှင့် ဆိုင်းငံ့ထား၍ ရသည့်အရာတို့ကို ရွေးချယ်ဆုံးဖြတ်ပါ။ ချက်ချင်းလက်ငင်း ငွေကုန်ကြေးကျ အသက်သာဆုံးဖြစ်မည့် သို့မဟုတ် ဝင်ငွေတိုးတက်မှု အများဆုံးရှိစေမည့် ဆုံးဖြတ်ချက်များအား ဦးစားပေးပါ။ သို့ဖြစ်ပါ၍ ထပ်လောင်းဆိုရလျှင် လိုအပ်သည့်အချိန်၌ လက်တစ်ကမ်း၌ ရရှိစေရန် သတင်းအချက်အလက်များကို အချိန်မှန် စုဆောင်းခြင်းက ဆုံးဖြတ်မှုများ လျင်မြန်စွာ ပြုလုပ်နိုင်ရန် မဖြစ်မနေ လိုအပ်ပါသည်။

ဝင်ငွေနောက်သို့ အမြဲလိုက်နေပါ

  • အခြားဝင်ငွေများရှာဖွေရန် ကြိုးပမ်းမှုကို မရပ်တန့်လိုက်ပါနှင့်။ ဥပမာ ဝက်ဘ်ဘီးနာများက ပိုမိုများပြားသော ပရိတ်သတ်အရေအတွက်အား ကုန်ကျစရိတ် ပိုမိုနည်းပါးစွာဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုများထက် ပြုလုပ်ပေးနိုင်သဖြင့် ရွေးချယ်သင့်သောအရာတစ်ခု ဖြစ်နိုင်ပါသည် သို့မဟုတ် စီးပွားရေးဌာနခွဲတစ်ခုက စစ်တမ်းများကောက်ယူ၍ ကြော်ငြာရှင်များအတွက် အချက်အလက်များကို စိစစ်သုံးသပ်၍လည်း ရပါသည်။ ခံစစ်ကစားပုံမျိုးကို အမြဲတမ်း အသုံးပြုရန် မလိုပါ။ သတိပြုသင့်သည်မှာ ဆိုးဝါးနေသော ဈေးကွက်မှာပင် တီထွင်ဆန်းသစ်မှုအတွက် နေရာရှိပါသည်။
  • စာဖတ်သူဦးရေတိုးတက်လာမှုကို အကျိုးရှိစွာ အသုံးချရန် စီစဉ်ပါ။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ မနေပါနှင့်။ သင့်မီဒီယာတွင် လပေးပရိတ်သတ်ရှိပါက ကြော်ငြာရရှိမှု နည်းပါးလာခြင်းအား ခုသာခံသာဖြစ်စေရန် ပရိတ်သတ်တိုးလာအောင် ကြိုးပမ်းပါ။ ယင်းသို့ပြုလုပ်ခြင်းဖြင့် အဖွဲ့အစည်းတစ်ခုလုံး – သတင်းပိုင်းနှင့် စီးပွားရေးပိုင်း – အတွက် ဘုံရည်ရွယ်ချက်ကို တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ပါသည်။
  • ဝက်ဘ်ဘီးနာနှင့်အကြောင်းအရာအလိုက် သတင်းလွှာ ကဲ့သို့သော ဝန်ဆောင်မှုများပါဝင်သည့် ဈေးနှုန်းသတ်မှတ်မှုဗျူဟာသစ်ကို အသုံးပြုရန် စဉ်းစားသုံးသပ်ပါ။ ဤနည်းအားဖြင့် ကြော်ငြာရှင်သစ်များကို ဆွဲဆောင်ရာတွင်လည်းကောင်း၊ ဝန်ဆောင်မှု အပြည့်အဝပေးသည့်အပြင် ရလဒ်ကို ဦးတည်သော မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် နေရာတစ်ခု ရယူနိုင်ရန် ကြိုးပမ်းရာတွင် လည်းကောင်း အထောက်အကူပြုနိုင်ပါသည်။
  • ကြောင်ရေချိုးပေးခြင်းမျိုးကို ရှောင်ကြဉ်ပါ။ MDIF ၏ မိတ်ဖက်များနှင့်မီဒီယာများက တွေ့ရှိထားသော ဝင်ငွေရှာဖွေပေးနိုင်သည့် ထင်မှတ်မထားသော နည်းလမ်းများက သင့်လုပ်ငန်းအတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါသည်။ သင့်လိုအပ်ချက်နှင့်ကိုက်ညီအောင် မည်ကဲ့သို့ ပြောင်းလဲအသုံးပြုနိုင်မည်ကို စူးစမ်းပါ။ ယခုချိန်ခါသည် တစ်ကိုယ်တည်းသွားနေခြင်းထက် အတူလက်တွဲသွားရမည့်အချိန် ဖြစ်ပါသည်။
  • လက်ရှိကြော်ငြာရှင်များနှင့်အခြားဖောက်သည်များက ဘဏ်ကို ချက်ချင်း အသုံးမပြုနိုင်သေးသည့်တိုင် အဆက်အဆံမပြတ်ရှိနေရမည် – ဤနည်းအားဖြင့် ၎င်းတို့ နောင်တစ်ချိန် ပြန်လာနိုင်ရန် ပိုမိုလွယ်ကူစေမည် ဖြစ်ပါသည်။

တင်ဆက်မှုသာ အခရာ

  • ကပ်ရောဂါကြီးသည် လူထုအကျိုးအတွက် အရည်အသွေးပြည့်ဝသော သတင်းပညာရပ်၏ အရေးပါပုံကို ပိုမိုခိုင်မာစေသည့်အပြင် ပရိတ်သတ်နှင့် ပိုမိုနက်ရှိုင်းစွာ ထိတွေ့ဆက်ဆံရန် အခွင့်အရေးကိုလည်း ရရှိစေသည်။ မတူကွဲပြားသည့် တင်ဆက်မှုနှင့်ဦးတည်အုပ်စုအတွက် ဝန်ဆောင်မှုများကို အပြည့်အဝ အသုံးချနိုင်ရန် ပရိတ်သတ်အသံနားထောင်ပေးခြင်းနှင့်အခြေအနေပြ အချက်အလက်များအား စောင့်ကြည့်သုံးသပ်ခြင်းတို့ကို မရှိမဖြစ် လိုအပ်ပါသည်။ အဖွဲ့အစည်းတွင်း အချက်အလက်နိုင်နင်းမှုနှင့် လုပ်ဖော်ကိုင်ဖက်များအကြား အခြေအနေပြ ကိန်းဂဏန်းများကို ၎င်းတို့နားလည်နိုင်မည့် နည်းလမ်းဖြင့် မျှဝေနိုင်စွမ်းတို့ကို မြှင့်တင်ရန် အကုန်အကျခံ ဆောင်ရွက်ပါ။
  • သင့်ပရိတ်သတ်က သင့်တင်ဆက်မှုများကို အဘယ့်ကြောင့် အားပေးနေသနည်း။ သင့်အားသာချက်များကို သိရှိထားရန် သာမက ဆက်လက် တိုးတက်အောင် ပြုလုပ်နေရန် အရေးကြီးပါသည်။ ပရိတ်သတ်ရုတ်တရက်တိုးလာပါကလည်း အဘယ့်ကြောင့် တိုးလာသည်၊ မည်ကဲ့သို့ တိုးလာသည်တို့ကို သိရှိခြင်းဖြင့် ပရိတ်သတ်ကို ဆက်လက်ထိန်းထားနိုင်ရန် ဗျူဟာရေးဆွဲရာတွင် အထောက်အကူပြုမည် ဖြစ်ပါသည်။
  • သတင်းတင်ဆက်မှုအပိုင်းနှင့်သတင်းခန်း၏ အလုပ်လုပ်ပုံတို့ကို ပြန်လည်သုံးသပ်ပါ – သင့်ပရိတ်သတ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသည့် တင်ဆက်မှုများ/ကဏ္ဍများ/ဝန်ဆောင်မှုများကို ပိတ်သိမ်းရန် အချိန်ကျပြီလား။ သင့်မီဒီယာမှ မည်သည့်ထူးခြားချက်ကို ရရှိနိုင်သနည်း။ သင့်ပရိတ်သတ်အတွက် အမှန်တကဘ် တန်ဖိုးရှိစေမည့် ကဏ္ဍများကို ဦးစားပေး တင်ဆက်ပါသလား။ စူးစမ်း၊ ဖန်တီး၊ စမ်းသပ်ပါ – ကပ်ရောဂါကြောင့် ယင်းတို့ကို ပိုမိုလျင်မြန်စွာ ပြုလုပ်ရန် လိုအပ်လာပါသည် – သို့သော်လည်း သင့်လုပ်ငန်း၏ အနေအထားပေါ်မူတည်၍ ဆုံးဖြတ်ပါ။ တစ်စုံတစ်ခုကို ပြိုင်ဘက်အဖွဲ့အစည်းက လုပ်ဆောင်နေရုံသက်သက်ကြောင့် သို့မဟုတ် အခြားသတင်းသမားများ အထင်ကြီးလာစေရုံသက်သက်ကြောင့် လုပ်ဆောင်ခြင်း မပြုရပါ။
  • ကိုရိုနာဗိုင်းရပ်စ်အကြောင်း အခမဲ့ တင်ဆက်မှုများကို ကန့်သတ်ရန် စဉ်းစားပါ။ သင့်ထုတ်လုပ်မှုနှင့် တင်ဆက်မှုတို့ကို ဗျူဟာကျစွာ လုပ်ဆောင်ပါ – အရေးကြီးသော သတင်းအချက်အလက်များကို လူတိုင်းအတွက် ဖွင့်ပေးထားရမည်ဖြစ်သော်လည်း အခပေးဖတ်ရှုရသည့်စနစ်ရှိပါက တန်ဖိုးမြင့် သတင်းများအတွက် အသုံးပြုရန် စဉ်းစားပါ။
  • အကယ်၍ ကိုဗစ်သတင်းတင်ဆက်မှု မလျှော့ချရသေးပါက သင် လုပ်ဆောင်ခဲ့ဖူးသည့် အရာများသို့ ပြန်လှည့်ရန် သို့မဟုတ် စိတ်ဝင်စားဖွယ်ရာ နယ်ပယ်သစ်များရှာဖွေရန် အချိန်အခါ ဖြစ်လာနိုင်ပါသည်။ ကိုဗစ်အကြောင်းသာ တင်ဆက်ရမည် မဟုတ်ပါ။ အချက်အလက်များကို ကြည့်၍ သင့် ပရိတ်သတ် စိတ်ဝင်စားသောအကြောင်းအရာနှင့်အလိုရှိသောအရာများက မည်ကဲ့သို့ ပြောင်းလဲနေသည်ကို လေ့လာပါ။

သင့်လုပ်ဖော်ကိုင်ဖက်များတွင် ပြီးပြည့်စုံသော ခံနိုင်ရည်မရှိနိုင်ပါ

  • ဝန်ထမ်းများ၊ ကြော်ငြာရှင်များနှင့်ပရိတ်သတ်များအပေါ် ပွင်းလင်းမြင်သာမှုရှိပါ – ပြောဆိုဆက်ဆံမှုနှင့် ယုံကြည်မှုတို့ တည်ဆောက်ပါ။ ယခုကဲ့သို့အချိန်မျိုးတွင် သစ္စာရှိမှုကို – အထူးသဖြင့် ဝန်ထမ်းများထံမှ – မရှိမဖြစ်လိုအပ်သည်။ ပြဿနာများကို ပွင့်လင်းစွာ ချပြပါ။ အဖြေရှာရာတွင် လူတိုင်းပါဝင်နိုင်ပါသည်။ သို့သော်လည်း ခေါင်းဆာင်ဖြစ်သူ သင့်အနေဖြင့် နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ပေးသူဖြစ်ရမည်။
  • ရှေ့မှဦးဆောင်ပါ – စီမံအရာရှိများနှင့်မန်နေဂျာများသည် လစာနှင့်အကျိုးခံစားခွင့်ကို လျှော့ယူသည့် ပထမဆုံးဝန်ထမ်းများ ဖြစ်သင့်သည်။
  • ကပ်ရောဂါဆက်လက်ဖြစ်ပွားနေချိန်၌ ခေါင်းဆောင်များအနေဖြင့် ဝန်ထမ်းများနှင့် အချိန်ပေးတွေ့ဆုံ၍ ၎င်းတို့၏ စွမ်းအင်နှင့်ကျွမ်းကျင်မှုများကို အစွမ်းကုန်အသုံးပြုနေရသည်ကို နားလည်ပါကြောင်း ပြောကြားပေးရမည်။ လူကို ဂရုစိုက်ပေး၍ စကားပုံမှန်ပြောရမည်။ လုပ်ဖော်ကိုင်ဖက်များပါဝင်သည့် အစည်းအဝေးကို အချိန်သတ်မှတ်ထားရှိ၍ ပုံမှန်ပြုလုပ်ပါ။ ဝန်ထမ်းများ၏ စိတ်ဓာတ်/သစ္စာရှိမှုအတွက် အထောက်အကူဖြစ်စေသည့်အပြင် သတင်းထောက်များနှင့်အယ်ဒီတာများအကြား အပြန်အလှန် ဆွေးနွေးပြောဆိုနိုင်ကြသဖြင့် သတင်းပိုင်း၏ အရည်အသွေးကို မြှင့်တင်ပေးမည် ဖြစ်ပါသည်။ အွန်လိုင်း ပျော်ရွှင်ချိန်များ ကဲ့သို့သော စိတ်ဓာတ်မြှင့်တင်ပေးသည် အစီအစဉ်များကို ပြုလုပ်ကြည့်ပါ။
  • သင့်အနေဖြင့် ဝန်ထမ်းများအပေါ် မည်ကဲ့သို့ ဂရုစိုက်ပေးနိုင်မည်ကို စဉ်းစားတွေးတောပါ။ အချင်းချင်း အထောက်အကူပြုသည့်စနစ်တစ်ခုဖြစ်စေ၊ စိတ်ကျန်းမာရေးအထောက်အကူပြုအစီအစဉ်ပင်ဖြစ်စေ စတင်အသုံးပြုနိုင်ရန် စဉ်းစားသုံးသပ်ပါ။
  • ဝန်ထမ်းသစ်များအား လုပ်ငန်းခွင်မိတ်ဆက်ရသည်မှာ လွယ်ကူသောအလုပ်တစ်ခု မဟုတ်ပါ – အသွားအလာကန့်သတ်တားမြစ်ထားချိန်တွင် လုပ်ဖော်ကိုင်ဖက်သစ်များနှင့် လူချင်း မတွေ့ရဘဲ ကုမ္ပဏီတစ်ခုသို့ ဝင်ရောက်လုပ်ကိုင်ရခြင်းက မည်မျှ ခက်ခဲလှသည်ကို လျှော့မတွက်သင့်ပါ။ ဝန်ထမ်းသစ် လုပ်ငန်းခွင်ဝင်ရောက်သည့် လုပ်ငန်းစဉ်ကို အွန်လိုင်းတွင် မည်ကဲ့သို့ ပြုလုပ်မည်ကို စဉ်းစားထားပါ။ ပုံမှန်အားဖြင့် ထိတွေ့ဆက်ဆံရန် မလိုအပ်သည့် စီမံရေးရာအရာရှိများ၊ အဓိက လုပ်ဖော်ကိုင်ဖက်များနှင့်အခြားလုပ်ဖော်ကိုင်ဖက်များအား တွေ့ဆုံပေးနိုင်ရန် ကြိုတင်စီစဉ်ပါ။ လုပ်ပုံကိုင်ပုံများ ပြသပေးရန် နှင့် ကုမ္ပဏီရဲ့ ယဉ်ကျေးမှုဓလေ့များနှင့် ယဉ်ပါးလာစေရန် အချိန်ဆောင်းပေးပါ။

အနာဂတ်သို့ ရှုမျှော်ခြင်း

  • နောက်သို့ တစ်လှမ်းဆုတ်ပါ။ ကိုဗစ်-၁၉ ကြောင့် သင် ပြုလုပ်ခဲ့ရသော အပြောင်းအလဲများအား ပြန်လည်ဆန်းစစ်မှု မပြုလုပ်ရသေးပါက ယခုအချိန်က အချိန်ကောင်းတစ်ခု ဖြစ်နိုင်ပါသည်။ မည်သည့် အပြောင်းအလဲများကို အမြဲအတွက် ထားရှိပါက အကျိုးရှိမည်နည်း။ ကပ်ရောဂါကြောင့် ပေါ်ထွက်လာသော လစ်ဟာမှုများကို သင့် အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးအပိုင်း၏ မည်သည့်နေရာတွင် တွေ့ရသနည်း။
  • လုပ်ငန်းပေါင်းစည်းမှုကို မိမိဘက်က အစပြုလို၍ဖြစ်စေ၊ မိမိအား ချဉ်းကပ်လာ၍ဖြစ်စေ မည်သို့ လုပ်ဆောင်မည်ကို စဉ်းစားထားပါ။ ယင်းသို့ပြုလုပ်ခြင်းများက လုပ်ငန်းအချင်းချင်း ပေါင်းစည်းခြင်း သို့မဟုတ် ဝယ်ယူခြင်း (M&A) ဟု ခေါ်နိုင်ပြီး ထိုမျှ ကြီးမားခြင်းမရှိသည့် လုပ်ဆောင်မှုများလည်း ဖြစ်နိုင်ပါသည် – ဥပမာ အရောင်းအဖွဲ့များကို ပေါင်းစည်း၍ ရနိုင်ပါသလား (သို့မဟုတ် အတိမ်းအစောင်း မခံသည့် ကိစ္စမဟုတ်ပါက ကြော်ငြာအရောင်းပိုင်းကို ပြင်ပသို့ တာဝန်လွှဲပေး၍ ရနိုင်ပါသလား)။ ကုန်ကျစရိတ်ကြီးမားသည့် အရင်းအမြစ်များဖြစ်သော အဆောက်အဦ သို့မဟုတ် ပုံနှိပ်စက်ပစ္စည်းများကို လုပ်ငန်းများအကြား မျှဝေသုံးစွဲ၍ ရပါသလား။
  • အဝေးမှ အလုပ်လုပ်သည့်ပုံစံသည် နောင်တစ်ချိန်အထိ အချို့ဝန်ထမ်းများအတွက် ဖြစ်နိုင်သော်လည်း ဝန်ထမ်းတိုင်းအတွက်မူ မဖြစ်နိုင်ပါ။ ကုန်ကျစရိတ်၊ ထုတ်လုပ်မှုနှင့်ပျော်ရွှင်ချမ်းမြေ့မှုအရ ယင်းသို့ အဝေးမှ အလုပ်လုပ်သည့်ပုံစံ၏ အားသာချက်နှင့်အားနည်းချက်များအား သုံးသပ်အကဲဖြတ်ပါ။
  • ကပ်ရောဂါအလွန်ကာလအတွက် ကြိုတင်စီစဉ်ပါ။ ကပ်ရောဂါကြီးမှ အားအင်အပြည့်ဖြင့် လွတ်မြောက်နိုင်ရေးအတွက် သင့်ကုမ္ပဏီအား ပြင်ဆင်ထားနိုင်ရန် ဈေးကွက်အလားအလာများ၏ ပြောင်းလဲနေပုံကို ထည့်သွင်းစဉ်းစားပါ။
  • သင် ယှဉ်ပြိုင်ရသည့် ဝန်းကျင်အနေအထားက ပြောင်းလဲသွားပြီး ဖြစ်နိုင်ပါသည်။ မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို နားလည်နိုင်ရန် ဈေးကွက်ကို စေ့စပ်သေချာစွာ လေ့လာသုံးသပ်ပါ။ ပြိုင်ဘက်သစ်တွေလား။ ဖောက်သည်သစ်တွေလား။ ပရိတ်သတ်တွေမှာ အလေ့အထသစ်တွေ ရှိနေပြီလား။
  • မီဒီယာများ၏ အကြပ်အတည်းကာလတွင် အဖန်ဖန်ကြားသိရသည့် အကြောင်းအရာများအနက် တစ်ခုမှာ အတူတကွ ပူးပေါင်းလုပ်ကိုင်မှု ဖြစ်ပါသည်။ ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် လုပ်ငန်းအတိုင်းအဆနှင့်အကျိုးသက်ရောက်မှုကို ထိထိရောက်ရောက်ရှိစေသည်။ သင်နှင့်သင့်အဖွဲ့သားများ ပူးပေါင်းလုပ်ကိုင်၍ရသော စီမံကိန်း သို့မဟုတ် အစီအစဉ်များ ရှိပါသလား။
  • ကပ်ရောဂါကာလမှ ရရှိခဲ့သော သင်ခန်းစာများအား ပြန်လည်သုံးသပ်၍ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဆိုင်ရာ အစီအမံတစ်ရပ်ကို ရေးဆွဲပါ။ နောက်ထပ်အရေးပေါ်အခြေအနေတစ်ရပ်ကို အနှေး သို့မဟုတ် အမြန် ကြုံတွေ့ရမှာ မလွဲဧကန် ဖြစ်ပါသည်။

အထက်ပါ အကြံဉာဏ်ကောင်းများက ၂၀၂၁ ခုနှစ်တွင် ပိုမိုကောင်းမွန်သော အချိန်ကာလများနှင့်ကြွယ်ဝမှုများဆီသို့ ကျွန်ုပ်တို့ ဦးတည်သွားရောက်နိုင်ရန် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါသည်။

ဟာလန်း မန်ဒဲလ်

အမှုဆောင်အရာရှိချုပ်

Media Development Investment Fund